
တန်ဖိုးသတ်မှတ်ထားတဲ့အရာတစ်ခုခုကို အပြန်အလှန်အပေးအယူ(အဖိုးစားနား)ရှိမှသာ စာချုပ်တစ်ခု ဟာခိုင်မာမှုရှိပြီး တရားဝင်ပါတယ်။ အဖိုးစားနားဆိုတာ ငွေကြေးရယ်လို့မဟုတ်ပါဘူး။ အဆောက်အအုံ၊ မြေယာ၊ ပစ္စည်း၊ ဝန်ဆောင်မှုစတဲ့ တန်ဖိုးသတ်မှတ်ထားတဲ့ အရာတစ်ခုခုကိုလည်း တရားဝင်အပြန်အလှန်အပေးအယူ ပြုလုပ်လို့ရပါတယ်။
အပေးအယူပြုလုပ်တဲ့တန်ဖိုးဟာ အောက်ပါအချက်တစ်ခုခုနဲ့ငြိစွန်းနေခဲ့ရင် ချုပ်ဆိုမယ့်စာချုပ်ကလည်း တရားမဝင်ပါဘူး။
(က) တရားဥပဒေကတားမြစ်ထားတဲ့အဖိုးစားနားဖြစ်ခြင်း။(ဥပမာ-လောင်းကစားနဲ့ပတ်သက်တဲ့စာချုပ်စာတမ်း)
(ခ) ဥပဒေမှာပြဌာန်းထားတဲ့အချက်တစ်ခုခုကို ဆန့်ကျင်နေခြင်း။ (ဥပမာ-အိမ်ဝယ်ယူသူကနိုင်ငံခြားသား မဖြစ်စေရပါဘူး)
(ဂ) အရောင်းအဝယ်ပြုလုပ်တဲ့ပစ္စည်း (သို့) ငွေကြေးနဲ့ပတ်သက်လို့ လိမ်လည်လှည့်ဖြားခြင်း၊ မရိုးသားတဲ့ သဘောတို့ပါရှိခြင်း။
(ဃ) သူတစ်ပါးရဲ့ခန္ဓာကိုယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းစတာတွေကို ထိခိုက်နစ်နာစေခြင်း။
(င) ကိုယ်ကျင့်တရားပျက်ပြားစေခြင်း၊ အများပြည်သူဆိုင်ရာမူဝါဒနဲ့ ဆန့်ကျင်နေခြင်းတို့ပဲဖြစ်ပါတယ်။
အပေါ်ကပြောခဲ့တဲ့အချက်တွေကတော့ စာချုပ်မှာပါတဲ့ အပေးအယူတန်ဖိုးနဲ့ပတ်သက်ပြီး သတိထားရ မယ့်အချက်တွေပဲဖြစ်ပါတယ်။
အပေးအယူတန်ဖိုးမပါရှိတဲ့ သဘောတူညီချက်စာချုပ်တစ်ခုဟာ ပျက်ပြယ်တယ်ဆိုပေမယ့် ချွင်းချက် အနေနဲ့ အောက်ပါအချက်များနဲ့ ညီညွတ်ရင်မပျက်ပြယ်ပါဘူး။
(၁) ဆွေမျိုးရင်းချာတော်စပ်သူကို ချစ်ခြင်းမေတ္တာဖြင့် ပေးကမ်းကြောင်း စာချုပ်ရေးသားမှတ်ပုံတင်ထားခြင်း။
(၂) တစ်ဦးတစ်ယောက်က တာဝန်ယူဆောင်ရွက်ခဲ့တဲ့ကိစ္စအတွက် တစ်ခုခုပေးဖို့ကတိပြုခြင်းတို့ပဲဖြစ်ပါတယ်။
စာချုပ်စာတမ်းများကို ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီမချုပ်ဆိုခဲ့ဘူးဆိုရင် အဲ့ဒီစာချုပ်အတွင်းပါဝင်သူ တစ်ယောက်ယောက်က စာချုပ်ကို ဖောက်ဖျက်တဲ့အခါ တရားစွဲဆိုခွင့်မရှိပါဘူး။ ထို့အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာနိုင်လို့ သတိပြုမိစေရန် ရေးသားဖော်ပြရခြင်းဖြစ်ပါတယ်။