Search...

Currency: MMK

ဘိုးဘပိုင်မြေနှင့်ပတ်သက်၍ အမည်ပြောင်းခြင်း၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များနှင့် သတိပြုစရာများအကြောင်

Scroll Down To Discover

အထက်မြန်မာနိုင်ငံနှင့် အောက်မြန်မာနိုင်ငံတွင် သဘောအားဖြင့်တူညီသောမြေနှစ်မျိုးနှစ်စားရှိလာသည်။

အထက်မြန်မာနိုင်ငံ အောက်မြန်မာနိုင်ငံ

(က) ဘိုးဘပိုင်မြေ – လက်ဝယ်ထားရှိပိုင်ဆိုင်သောမြေ

(ခ) အရာတော်မြေ – အစိုးရကချထားပေးပိုင်ခွင့်ရှိသောမြေ

——————————-✍️✍️✍️———————————

မြန်မာရှင်ဘုရင်များလက်ထက်

—————-✨———

မြန်မာနိုင်ငံတွင် ဟိုးအရင်ရှင်ဘုရင်များလက်ထက်ကနေ ယခုအချိန်အထိ မြေမှန်သမျှ၏မူလပိုင်ရှင်သည် မင်း၊ အစိုးရဖြစ်သည်။ ထို့ကြောင့်လည်း ‌”ရေမြေသနင်းပြည့်ရှင်မင်း”ဟုခေါ် ကြသည်။

?(က) ဘိုးဘပိုင်မြေ

ဘိုးဘပိုင်မြေ(၃)မျိုးရှိသည်။

(၁) ဓားမဦးချမြေ ။ ။ ဘိုးဘပိုင်မြေကို ဓားမဦးချမြေဟုခေါ်တွင်သည်မှာ ရှေးတုန်းက တောကိုထွင်၍ လယ်တည်ခဲ့ကြသည်။ ဓါးမနှင့်တောကိုရှင်း၍ စိုက် ပျိုးရန် မြေထွင်ရာမှာ ဓါးမ၏ဦးချွန်သည် မြေကြီးထဲကျသည်အထိ ခုတ်ထွင်ရှင်း လင်းထားသည်ကို တင်စားပြီး ဓားမဦးချမြေဟုခေါ်ခြင်းဖြစ်သည်။ ဘိုးဘပိုင်မြေသည် ကိုယ်တိုင်ခုတ်ထွင်သည့်မြေ (သို့) ခုတ်ထွင်သည့် ဘိုးဘေးတို့ထံမှ အမွေဆက်ခံလာသည့်မြေမျိုးဖြစ်သည်။

(၂) မင်းပေးမြေ ။ ။ ရှင်ဘုရင်က မြို့စားမင်း၊ နယ်စားမင်းများကို တိုက်ရိုက်အပိုင်စားပေးပြီး ဆက်ခံခွင့်အဆက်ဆက်ပေးခဲ့သည့်မြေကို မင်းပေးမြေဟုခေါ် သည်။ မည်သူကမှ နှောင့်ယှက်ခြင်း၊ အခွန်ကောက်ခြင်း မပြုနိုင်ပေ။ အရာတော် မြေမှ ဘိုးဘပိုင်မြေသို့ အသက်ဝင်လာသောမြေဟု ဆိုနိုင်သည်။

(၃) ငွေဝယ်ငွေပေါင်မြေ ။ ။ ဓားမဦးချမြေ၊ မင်းပေးမြေတို့မှ ရောင်းချပေါင် နှံနိုင်‌သော မြေများဖြစ်သဖြင့် ယင်းမြေအားဝယ်ယူခြင်းဖြင့် လည်းကောင်း၊ အ ပေါင်ခံခြင်းဖြင့်လည်းကောင်း၊ ပိုင်ဆိုင်လာသောမြေဖြစ်သည်။

?(ခ) အရာတော်မြေ

အရာတော်မြေထဲတွင် ဘုရင်ပိုင်မြေလည်း ပါဝင်သည်။ အစိုးရပိုင်တစ်ခြားမြေများလည်း ပါဝင်သည်။ အရာတော်မြေကို အစိုးရမင်းတို့က အစုချထားလုပ်ကိုင်စေသည်။

ဗြိတိသျှအစိုးရလက်ထက်

———-✨———–

(က) ဘိုးဘပိုင်မြေ (လက်ဝယ်ထားရှိပိုင်ခွင့်ရှိသောမြေ)

ဗြိတိသျှအစိုးရသည် ၁၈၅၂ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီးနောက် ၁၈၅၃ခုနှစ်တွင် မြို့တွင်းရှိမြေများအားလုံးနှင့် ဆင်ခြင်ဖုံးမြေများကို အစိုးရပိုင်မြေများအဖြစ်ကြေညာသည်။ ထို့နောက်ရန်ကုန်မြို့ကို အကွက်ချကာ ပုံစံများရေးဆွဲပြီး ပြန်လည်တည်ဆောက်ခဲ့သည်။ ဆူးလေ ဘုရားကို ဗဟိုပြုကာ အရှေ့အနောက်လမ်းမကြီး (၅)သွယ်ဖောက်လုပ်ခဲ့သည်။ တောင်နှင့်မြောက်ကို လမ်းကျဥ◌်းလမ်းသွယ်များ ဖောက်လုပ်ခဲ့သည်။ ထိုအခါ မြေကွက်များပေါ်လာသည်။ ထိုမြေကွက်များကို အကွက်ရိုက်၍ ပုဂ္ဂလိကနေထိုင်သူများသို့ရောင်းချခဲ့သည်။ မြေပိုင်အဖြစ်မဝယ်နိုင်သူများကို မြေဌားစာချုပ်ထုတ်ပေးသည်။ မြေဌားစာချုပ်နှင့်မနေနိုင်သူများအတွက် မြေတစ်နေရာစာကို မြေဌားခစည်းကြပ်၍ စကွာအဖြစ်သတ်မှတ်သည်။

ထိုစဉ်က မြေကွက်များရောင်းချရာတွင် ဝယ်ယူပိုင်ဆိုင်ခဲ့သည့် မြေအမျိုးအစားကို ဘိုးဘပိုင်မြေဟုခေါ်သည်။

(ခ) အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ (Land at the disposal of Govt;)

လက်ဝယ်ထားရှိပိုင်ခွင့်ရှိသောမြေများမှအပ ကျန်မြေများကို အစိုးရမှချထားပိုင်ခွင့်ရှိသောမြေများအဖြစ် သတ်မှတ်ကာ ယင်းမြေများကို လူနေထိုင်ရန်အတွက် ဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းများအတွက်ဖြစ်စေ၊ အဆောက်အအုံဆောက်လုပ်အသုံးပြုရန်အတွက် ဖြစ်စေ၊ ဥပဒေနှင့်အညီ ဂရန်၊ မြေဌားဂရန်နှင့် လိုင်စင်စသော စာချုပ်များကို ချထားပေးခဲ့ပါသည်။ ဘိုးဘပိုင်မြေများမှ အပဖြစ်သော ကျန်မြေများကို မြန်မာဘုရင်များလက်ထက်က အရာတော်မြေဟု ခေါ်ဝေါ်သည့်အတိုင်း ဆက်လက်ခေါ်ဝေါ်၍ အစိုးရကချထားပေးပိုင်ခွင့်ရှိသောမြေအဖြစ် အသိအမှတ်ပြုခဲ့ပါသည်။

——————————-✍️✍️✍️——————————–

? ဘိုးဘွားပိုင်မြေမဟုတ်ပါ၊ ဘိုးဘပိုင်မြေဖြစ်သည်။

မိမိအဖိုးအဖွားများပိုင်သော မိသားစုအမွေပိုင်ဆိုင်မှုကို ခေါ်ခြင်းလည်းမဟုတ်ပါ?

အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပ‌ဒေ ပုဒ်မ(၄)၊ ပုဒ်မခွဲ(၁၀)အရ ဘိုးဘမြေဆိုသည်မှာ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်၊ အမွေပေးပိုင်ခွင့်၊ ပေးကမ်းပိုင်ခွင့်ရှိသောမြေအမည်ပြောင်းမှုု တရားဝင်လုပ်နိုင်သောမြေမျိုးဖြစ်သည်။

အရာတော်မြေသည် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အပြည့်အဝမရရှိသော်လည်း (၁၀)နှစ်ထက်မနည်းသည့် ဂရန်(သို့) အငှါးဂရန်ရရှိထားလျှင် ဥပဒေ နှင့်အညီ အမွေဆက်ခံပိုင်ခွင့်၊လွဲပြောင်းပိုင်ခွင့်၊‌ပေးကမ်းပိုင်ခွင့်နှင့် ရောင်းချပိုင်ခွင့်များပေးထားပါသည်။

ဘိုးဘပိုင်မြေကို ခွဲစိတ်ရောင်းချ လွှဲပြောင်းပိုင်ခွင့်ရှိသည်။ မြေဧရိယာ တစ်ခုလုံး၏ထက်ဝက်ကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကို လည်းကောင်း၊ မြေဧရိယာတစ်ခုလုံးကို လည်းကောင်း ရောင်းချပိုင်ခွင့်ရှိသည်။ ခွဲစိတ်ရောင်းမည်ဆိုလျှင် မြေတိုင်းရမည်။ မခွဲစိတ်ရသေးလျှင် မူလမြေကွက်ကနေ ခွဲစိတ်၍ ဝယ်သူ၏ အမည်နှင့် မြေပုံမြေရာဇဝင်ထွက်အောင် ဆောင်ရွက်ရန် လိုအပ်သည်။

ဘိုးဘပိုင်မြေကို အမည်ပြောင်းလျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ်စာတမ်းထောက်အထားများလိုအပ်ပါသည်။

? လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

? မြေပုံ၊ မြေရာဇဝင်မူရင်း

? အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့် အမွေဆက်ခံမှုစာချုပ်မိတ္တူ

? အရောင်းအဝယ်ဖြစ်ပါက အဆင့်အဆင့်အရောင်းအဝယ်ပြုလုပ်သည့်

မှတ်ပုံတင်စာချုပ်မိတ္တူမှန်

? တရားရုံးဒီဂရီ (သို့) တရားမပုံစံ (၁၀၆) (တရားရုံးမှအမည်ပြောင်းပေးရန်

အကြောင်းကြားစာ)

? အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်

? အိမ်ထောင်စုဇယားမိတ္တူ

? အဆောက်အဦးဓာတ်ပုံ

? ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်

ဖော်ပြပါ အထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာကြော်ငြာထည့်၍ ကန့်ကွက်မရှိပါက ဆက်လက်ဆောင်ရွက်နိုင်သည်။

ဘိုးဘပိုင်မြေများကို (၄.၄.၂၀၁၁) နောက်ပိုင်းလောက်ကစ၍ ဂရန်စာအုပ်ကဲ့သို့ အမည်ပေါက် မြေပုံများနှင့် ပိုင်ဆိုင်မှုမှတ်တမ်းကို သားရေစာအုပ်ဖြင့် ပြောင်းလဲထုတ်ပေး၍ ယခုအချိန်တွင် “ဘိုးဘစာအုပ်” ဟူ၍ တွေ့မြင်လာရသည်။

အမည် ပြောင်းလဲနိုင်သော မြေအမျိုးအစားတို့မှာ အောက်ပါမြေအမျိုးအစားတို့ဖြစ်သည်။

– မြေပိုင်မြေ

– ဘိုးဘပိုင်မြေ

– ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသောမြေဌားဂရန်မြေ၊

– လယ်ယာမြေ ဟူသောစကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံလက်ခံရရှိသည့်မြေ

အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်းဉပဒေစတင် အာဏာတည်သည့် ၁၈၈၉ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့မတိုင်မီ (၁၂)နှစ်အထက်မနည်းသည့် မြေကို လက်ဝယ်ထားရှိသူသည် အဆိုပါ မြေအတွက်ကျသင့်သော အခွန်များကို မပျက်မကွက် ပေးဆောင်ခဲ့၍ လက်ဝယ်ဆက်လက်ထားရှိသည့် မြေများဖြစ်ပါသည်။ မြေပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့် အပြည့်အဝရှိသော်လည်း စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဘဲ (၂)နှစ်ဆက်တိုက်မြေ၏ ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင် မြေပိုင်အခွင့်အရေးရပ်ဆိုင်းခံရမည်။ မြေပိုင်ရှင်အခွင့်အရေး လက်လွတ်သွားပြီဖြစ်ကြောင်းသတ်မှတ်၍ အပိုင်မြေအဖြစ်ပယ်ဖျက်ပြီး အစိုးရမြေ (State Land) အဖြစ် ပြောင်းလဲသတ်မှတ်နိုင်သည်ဟု သတိပြုရမည်။

ကျေးရွာများရှိ ဘိုးဘပိုင်မြေများအနေဖြင့် –

အထက်မြန်မာပြည် မြေနှင့် အခွန် စည်းမျဉ်းဥပဒေတွင် နိုင်ငံပိုင်မြေ State Land ဟု အဓိပ္ပာယ်ဖွင့်ဆိုထားရာတွင် ကျေးရွာမြေဟူ၍ မပါရှိသည့်အတွက် မြန်မာနိုင်ငံ အထက်ပိုင်းရှိ ကျေးရွာများတွင် နိုင်ငံတော်က မပိုင်သော ဘိုးဘပိုင်မြေဟူ၍ တည်ရှိကြောင်းနှင့် နိုင်ငံပိုင်မြေဟု မှတ်ယူ၍ နှင်ထုတ်ဖယ်ရှား၍ မရနိုင်ကြောင်း တွေ့ရှိရသည်။

ကျေးရွာမြေများအားလုံးကို နိုင်ငံပိုင်မြေများအဖြစ် မှတ်ယူရန် မလိုအပ်သည့်အားလျော်စွာ လူပုဂ္ဂိုလ်များအနေဖြင့် ကျေးရွာအတွင်းတွင် ဘိုးဘပိုင်မြေအဖြစ် ပိုင်ဆိုင်ခွင့်မရှိစေရန် အကြောင်းမရှိပေ။

အထက်မြန်မာပြည် မြေနှင့် အခွန် စည်းမျဉ်းဥပဒေသည် မြေတစ်ရပ်အား နိုင်ငံပိုင်မြေအဖြစ်ကြေညာသည့်နေ့မှစ၍ တစ်နှစ်အတွင်းမှအပ၊ နိုင်ငံပိုင်မြေများကို အပြိုင်တောင်းဆိုသည့် အငြင်းပွားမှုများအား စီရင်ဆုံးဖြတ်ရန် အခွန်အရာရှိတို့ထံ လုပ်ပိုင်ခွင့်အပ်နှင်းထားခြင်းမရှိပေ။

အထက်မြန်မာပြည် မြေနှင့် အခွန် စည်းမျဉ်းဥပဒေ၏ ပုဒ်မ ၃၊ ၂၃နှင့် ၂၅(ဃ) တို့အရ မြန်မာနိုင်ငံအထက်ပိုင်းရှိ မြေများတွင် နိုင်ငံပိုင်မဟုတ်သည့် ဘိုးဘပိုင်မြေများ ရှိကြောင်းဖြင့် သုံးသပ်ဆုံးဖြတ်ထားခြင်းအား တွေ့ရသည်။

ဘိုးဘေးဘီဘင်လက်ထက်မှ သားစဉ်မြေးဆက်အထိ ဆင်းသက်သော ဘိုးဘပိုင်မြေများနှင့် ပတ်သက်၍ ရရှိထားသော အခွင့်အရေးများ၊ လုပ်ဆောင်ရန်များကို သိကောင်းစရာအဖြစ် မျှဝေပေးလိုက်ရပါသည်။

(ကိုးကား – မြန်မာဥပဒေလက်စွဲ၊ မြို့ရွာမြေစီရင်ထုံး-35)

?အထက်ပါလုပ်ငန်းစဥ်များကို တိုင်ပင်ဆွေးနွေးလိုပါက

?လုပ်ငန်းအပ်နှံလိုပါက

?‍⚖️ ဒေါ်ခင်ယမုံဇော်(LL.B(Q),HGP)?‍⚖️

⚖️ အထက်တန်းရှေ့နေ (စဥ် – ၄၇၄၅၉)⚖️

စံပယ်အိမ်ခြံမြေအကျိုးဆောင်နှင့်ဥပဒေပိုင်းဝန်ဆောင်မှုလုပ်ငန်း

☎️ ၀၉ – ၈၈၅၀၃၂၃၁၅

Add Comment