Search...

Currency: MMK

စားကျက်မြေ အ‌ကြောင်း သိကောင်းစရာ

Scroll Down To Discover

စားကျက်မြေဆိုသည်မှာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ ကျွဲ၊ နွားများကို မှီခို အားထားရသဖြင့် ယင်း ကျွဲ၊ နွားများအတွက် အစာရေစာ လုံလောက်စေရန် ကျွဲနွား စားကျက်မြေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စားကျက်မြေထိန်းသိမ်းခြင်းဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သည့် မြေဖြစ်ပါသည်။

စားကျက်မြေနှင့်ပတ်သက်၍

⚖️မြေနှင့်အခွန်တော်အက်ဥပဒေ ပုဒ်မ-၂၀၊

⚖️အောက်မြန်မာပြည်မြေနှင့် အခွန်တော် နည်းဥပဒေ-၆၆ မှ ၇၁ အထိ

⚖️အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်း အပိုဒ်-၂၆(၁)(ဂ)

⚖️အထက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ-၇၅ မှ ၇၉ အထိ

⚖️မြေနှင့် အခွန်တော် အမိန့်ဆင့်ဆိုချက်များ ၉၀ မှ ၁၀၈ အထိ အသီးသီး ပြဌာန်းထားသည်ကို တွေ့ရ ပါသည်။

မြန်မာနိုင်ငံမြေစာရင်းလက်စွဲ အပိုဒ်-၉၁၆ မှ ၉၂၈ အထိတွင် စားကျက်မြေများကိုစစ်ဆေး ကြပ်မတ် ရန်နှင့် စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူခြင်းများကို တွေ့ရပါသည်။

စားကျက်မြေများတည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်းကိုအောက်မြန်မာပြည်အတွက် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၊ အထက်မြန်မာပြည်အတွက် ကော်လိတ္တော်အရာရှိတို့က အမှုတွဲဖွင့်၍ ဆောင်ရွက် ရမည် ဖြစ်ပါသည်။ ခရိုင်အုပ်ချုပ်ရေးမှူး/ကော်လိတ္တော်အရာရှိသည် ကျေးရွာအတွင်းနေထိုင်သူများ၏ အကျိုးအတွက် မည်သည့်ကျေးရွာတွင်မဆို လိုအပ်လျှင် စားကျက်မြေ တည်ထောင်ပေးရန်ဖြစ်ပါသည်။

စားကျက်မြေ အတွက် လိုအပ်သည့် မြေဧရိယာအကျယ်အဝန်းနှင့် နေရာကို ခန့်မှန်းတွက်ချက်တိုင်းတာ၍ စီမံချက် ရေးဆွဲရမည်။ ထိုစီမံချက်တွင် ကျေးရွာတစ်ရွာနှင့် တစ်ရွာသွားသည့်လမ်းနှင့် စားကျက်သို့ ကျွဲနွားများ ဝင်ထွက်သွား လာနိုင်ရန် လမ်းများကိုပါ ထည့်သွင်းတွက်ချက်ထားရပါသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး/ကော်လိတ္တော်အရာရှိသည် စားကျက်မြေစီမံချက်ကို ပူးတွဲ၍ စားကျက်မြေတည်ထောင်မည့် နီးစပ်ရာကျေးရွာအကြီးအကဲများနှင့် စားကျက်မြေသတ်မှတ်မည့်နေရာတွင် အခွန်စည်းကြပ်ခြင်းခံနေရသူ သို့မဟုတ် လုပ်ကိုင်နေသူများ (ရှိပါက) ထံ စားကျက်မြေ သတ်မှတ်မည့် နေရာ မြေပုံနှင့်တကွ ကန့်ကွက်လိုခြင်း ရှိ/မရှိ အသိပေးအကြောင်းကြားစာကို ၁၅ ရက် ကြိုတင်ပေးပို့ပြီး၊ အကျိုး အကြောင်းဖေါ်ပြ၍ ကန့်ကွက်နိုင်ကြောင်း အသိပေးအကြောင်းကြားရမည်။

ထို့နောက် ခိုင်လုံသော ကန့်ကွက်ချက်ရှိပါက ယင်းဧရိယာအတွက် ချန်လှပ်၍လည်းကောင်း၊ ကန့်ကွက်ချက်မရှိပါက စားကျက်မြေစီမံချက်ပါအတိုင်း စားကျက်တိုင်များ စိုက်ထူပြီး၊ သတ်မှတ်ပေး ကြောင်း ကြေညာချက် ထုတ်ပြန်ရပါမည်။ ထိုစားကျက်ကို မည်သည့်ကျေးရွာအုပ်စု သို့မဟုတ် ကျေးရွာများ က အသုံးပြုရန်ဖြစ်ကြောင်း စားကျက်မြေမှတ်တမ်းစာအုပ်တွင် ရေးသွင်းရပါမည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်များ၌ ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများအလိုက် နယ်နိမိတ်သတ်မှတ်ပြီး စားကျက်မြေများကို စားကျက်မြေအဖြစ် အသုံးပြုခြင်းမှတစ်ပါး မည်သူမဆို ဝင်ရောက် ကျူးကျော် စိုက်ပျိုးခြင်း၊ ဝင်ရောက် ကျူးကျော်နေထိုင်ခြင်း၊ သစ်ပင်များကို ခုတ်လှဲခြင်း၊ သယ် ဆောင်ခြင်းနှင့် ပေါက်ရောက်လျက်ရှိသော မြက်များကို ရိတ်သိမ်းခြင်းများ မပြုလုပ်ရန်၊ အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ-၇၈ အရ တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ် (၁၅)ရက် သို့မဟုတ် ငွေဒဏ် ၂၀၀ ကျပ် အရေးယူခံရနိုင်ပြီး အောက်မြန်မာပြည်မြေနှင့်အခွန်နည်းဥပဒေ-၆၉ အရ တရားစွဲဆိုနိုင်ပြီး အလုပ်ဖြင့်/ အလုပ်မဲ့ထောင်ဒဏ် (၁)လ ချမှတ်နိုင်ပါသည်။ စားကျက်မြေအတွင်း ကျူးကျော်စိုက်ပျိုးလျှင် မြေခွန်နှစ်ဆ စည်းကြပ်ရမည့်အပြင် တရားလည်းစွဲဆိုခံရနိုင်ပါသည်။

Credit: iMyanmarHouse.com

Add Comment